သွင်းကုန်လိုင်စင်ထောက်ခံချက်သည် လက်ခစား Cut-Make-Pack (CMP) စနစ်ဖြင့်လုပ်ကိုင်သော အသင်းဝင်စက်ရုံများအတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA က တရားဝင်ထုတ်ပေးသော ထောက်ခံချက်ဖြစ်ပါသည်။ သွင်းကုန်လိုင်စင်ထောက်ခံချက်ကို MGMA Online Portal တွင် လျှောက်ထားရယူရမည်ဖြစ်ပါသည်။

သွင်းကုန်လိုင်စင်ထောက်ခံချက် အွန်လိုင်းစနစ်
MGMA ၏ သွင်းကုန်လိုင်စင်ထောက်ခံချက် လျှောက်ထားရာတွင် လွယ်ကူမြန်ဆန်စေရန်အတွက် MGMA က အွန်လိုင်းစနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းအွန်လိုင်းစနစ်ကို အသုံးပြုခြင်းဖြင့် အသင်းဝင်စက်ရုံများအတွက် ကုန်ကျစရိတ်သက်သာမှု၊ ထိရောက်မှု၊ ပွင့်လင်းမြင်သာရှိမှုနှင့် လုပ်ငန်းစဥ်တသမတ်တည်းရှိမှုတို့ကို သေချာစေမည်ဖြစ်ပါသည်။
ဘာကြောင့်ထောက်ခံချက်လိုအပ်သလဲ?
သွင်းကုန်လိုင်စင်အတွက် ထောက်ခံချက်လိုအပ်ချက်မှာ လက်ခစား (CMP) စနစ် လုပ်ကိုင်ခြင်းမှာ အစပြုသည်ဟု ဆိုနိုင်ပါသည်။ လက်ခစား (CMP) စနစ်ဆိုသည်မှာ ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှတင်သွင်း၍ ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ပြီး ပြည်ပသို့ ၁၀၀ ရာခိုင်နှုန်း ပြန်လည်တင်ပို့သော လုပ်ငန်းကို ဆိုလိုခြင်းဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် တင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်းများကို ပြည်တွင်းဈေးကွက်အတွင်း ရောင်းချခြင်းမပြုဘဲ ကုန်ချောထုတ်လုပ်၍ ပြည်ပသို့ပြန်လည်တင်ပို့သည် ဆိုသောအချက်မှာ အဓိကဖြစ်ပါသည်။ ထိုအချက်အပေါ် အခြေခံ၍ နိုင်ငံတော်က ပို့ကုန်လုပ်ငန်းများကို အားပေးပံ့ပိုးရန်အတွက် ယင်းကဲ့သို့ တင်သွင်းလာသော ကုန်ကြမ်းပစ္စည်းများကို သွင်းကုန်အခွန်ကင်းလွတ်ခွင့် ပေးပါသည်။ သို့ရာတွင် ၎င်း အခွန်ကင်းလွတ်ခွင့် အခွင့်အရေးကို အလွဲသုံးစားပြုခြင်းမှ ကာကွယ်ရန်အတွက် အောက်ပါအချက်များကို စစ်ဆေးရန် မဖြစ်မနေလိုအပ်ပါသည်။
- တင်သွင်းလာသော ကုန်ကြမ်းပစ္စည်းသည် အထည်ထုတ်လုပ်ရန် အမှန်တကယ်လိုအပ်သော ကုန်ကြမ်းပစ္စည်း ဟုတ်/မဟုတ်။
- တင်သွင်းလာသော ကုန်ကြမ်းပစ္စည်း၏ ပမာဏသည် ဖော်ပြပါ ထုတ်လုပ်မည့် အထည်အရေအတွက်နှင့် နှုိင်းယှဥ်လျှင် ကျိုးကြောင်းဆီလျော်စွာ မျှခြေရှိမှု ရှိ/မရှိ။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA ၏ သွင်းကုန်လိုင်စင်ထောက်ခံချက်သည် အထက်ပါအချက်နှစ်ချက်ကို စစ်ဆေးအတည်ပြု ထောက်ခံချက်ပေးခြင်းဖြင့် CMP အထည်ချုပ်လုပ်ငန်းများအတွက် သွင်းကုန်တင်သွင်းခြင်းလုပ်ငန်းများကို မှန်ကန်၊ ချောမွေ့စရန် ဆောင်ရွက်ပေးသော အရာတစ်ခုဖြစ်ပါသည်။